23
စာရာကွယ်လွန်၍အာဗြဟံသင်္ချိုင်းမြေဝယ်ခြင်း 
 1 စာရာသည်အသက်တစ်ရာနှစ်ဆယ့်ခုနစ်နှစ်ရှိသော်၊-  2 ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။ 
 3 အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊-  4 ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။✡ ဟေဗြဲ၊ ၁၁:၉၊ ၁၃။ တ၊ ၇:၁၆။ 
 5-6 သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။ 
 7 ထိုအခါအာဗြဟံသည်သူတို့ရှေ့တွင်ဦးညွှတ်၍၊ 
 8 ``သင်တို့သည်ငါ၏မယားအလောင်းကိုဤအရပ်တွင်မြှုပ်နှံစေလိုလျှင် ဇောဟာ၏သားဧဖရုန်ပိုင်မြေကွက်အစွန်း၌ရှိသော၊-  9 မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။ 
 10 ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-  11 ``အစီရင်ခံပါရစေ။ ဂူနှင့်တကွမြေကွက်တစ်ခုလုံးကိုကျွန်ုပ်ပေးပါ၏။ အရှင်၏မယားကိုသင်္ဂြိုဟ်ရန်ကျွန်ုပ်တို့၏အမျိုးသားတို့ရှေ့မှောက်တွင်ထိုမြေကိုကျွန်ုပ်ပေးပါ၏'' ဟုရှိသမျှသောသူတို့ကြားနိုင်အောင်ပြောကြားလေသည်။ 
 12 အာဗြဟံသည်လည်းမြို့သားတို့ရှေ့တွင်ဦးညွတ်၍၊-  13 အများကြားနိုင်အောင်ဧဖရုန်အား``ငါတင်ပြချက်ကိုလက်ခံပါ။ ထိုမြေတစ်ကွက်လုံးကိုငါဝယ်ပါမည်။ မြေဖိုးငွေကိုလက်ခံပါ။ ငါ၏မယားကိုထိုမြေ၌မြှုပ်နှံပါမည်'' ဟုပြန်လည်ပြောကြားလေသည်။ 
 14-15 ထိုအခါဧဖရုန်က``အရှင်၊ ထိုမြေကွက်သည်ငွေသားလေးရာမျှသာတန်ဖိုးရှိ၏။ ထိုငွေမှာမပြောပလောက်ပါ။ ထိုမြေတွင်အရှင်၏မယားကိုသင်္ဂြိုဟ်ပါလော့'' ဟုဆိုလေ၏။-  16 အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။ 
 17 ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-  18 ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။ 
 19 ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။-  20 သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။